Cyberpunk 2077 မှာ RTX ON လိုက်ရင်တွေ့ရမယ့် လှပလွန်းတဲ့ Ray Tracing Effect တွေ

Cyberpunk 2077 မှာ RTX ON လိုက်ရင်တွေ့ရမယ့် လှပလွန်းတဲ့ Ray Tracing Effect တွေ

  • Post author:
  • Post category:nVidia

CD PROJEKT RED က ထုတ်လုပ်ခဲ့တဲ့ The Witcher 3: Wild Hunt နဲ့ ယင်းရဲ့ Blood & Wine expansion တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူကြိုက်အများဆုံး RPG ဂိမ်းများထဲမှာ ပါဝင်ခဲ့ပါတယ်။ ယခုလည်း CD PROJEKT RED ဟာ action-adventure-RPG ဂိမ်းတစ်ခုဖြစ်တဲ့ Cyberpunk 2077 ကို လာမယ့်ဒီဇင်ဘာလအတွင်း ဖြန့်ချိတော့မှာဖြစ်ပြီး ထွက်ပေါ်ပြီးခဲ့တဲ့ trailer များအတွင်း ဂိမ်းရဲ့ဆန်းသစ်လှပတဲ့ graphic များကို အသားပေးဖော်ပြထားခဲ့ပါတယ်။

အဲ့ trailer တွေအရတော့ Cyberpunk 2077 ရဲ့ RTX ON ထားတဲ့ graphic များဟာ  ပြောရက်စရာမရှိလောက်အောင်ကိုလှပါတယ်။ 

NVIDIA – CD PROJEKT RED တို့ရဲ့ နည်းပညာပူးပေါင်းမှုများနဲ့အတူ ဂိမ်းတွင်းက sci-fi ဆန်ဆန် open world ကြီးတစ်ခုလုံးကို ray tracing တွေနဲ့ ဖန်တီးထားတဲ့ပုံစံဟာ သဘာဝကျလှပလွန်းရုံသာမက ကစားနေရင်း တခြားကမ္ဘာတစ်ခုထဲရောက်သွားသလိုခံစားရနိုင်တယ်လို့တောင် ပြောရမှာပါ။

ဘယ်လို Ray Tracing Effect တွေ ပါမှာလဲ

Cyberpunk 2077 မှာ အဓိကအားဖြင့် Ray Tracing Effect ၄ ခု ပါဝင်ပါတယ်။ အဲတာတွေကတော့ Ray-Traced Diffuse Illumination, Ray-Traced Reflections, Ray-Traced Ambient Occlusion နဲ့ Ray-Traced Shadows တို့ဖြစ်ပြီး တစ်ခုချင်းစီမှာ ဂိမ်းရဲ့ graphic ကို ကောင်းမွန်အောင်ပြုလုပ်ပေးမယ့် သက်ဆိုင်ရာ function များရှိပါတယ်။ 

Ray-Traced Diffuse Illumination ဟာ ဂိမ်းတွင်းကောင်းကင်ကဖြာထွက်တဲ့အလင်းရောင်နဲ့ အခြားအရာများကထွက်တဲ့အလင်းရောင်တွေအတွက် အသုံးပြုထားတဲ့ effect ပါ။ ဒီ effect ကြောင့် billboard များနဲ့ မီးလုံးများလို အလင်းထွက်တဲ့အရာများရဲ့ ပတ်လည်မှာ သဘာဝကျကျလင်းနေတာကိုတွေ့ရမှာဖြစ်ပြီး နေနဲ့လက ထွက်တဲ့အလင်းရောင်တွေဟာလည်း Night City ကြီးပေါ်ကို လှလှပပကျရောက်နေမှာပါ။ သမားရိုးကျ rendering technique ကို အသုံးပြုထားတဲ့ဂိမ်းများမှာတော့ ဒီလိုအလင်းဖြာထွက်မှုမျိုးရရှိဖို့ ခက်ခဲပါတယ်။

Ray-Traced Reflection ကတော့ ဂိမ်းတွင်းအရာဝတ္ထုများရဲ့ အလင်းပြန်မှုအတွက် ထည့်သွင်းထားတာပါ။ ဒီ effect ဟာ သတ္ထု၊ မှန်၊ သစ်သား၊ အုတ် စတဲ့အရာများရဲ့ ပုံစံမတူတဲ့အလင်းပြန်မှုများကို အပြင်လောကမှာအတိုင်း ဖန်တီးပြသပေးမှာဖြစ်ပြီး အလင်းပြန်နိုင်တဲ့မျက်နှာပြင်များအားလုံးအတွက်ရော ဂိမ်းတွင်း character များအတွက်ပါ ပါဝင်ပါတယ်။ အလင်းပြန်တဲ့အကွာအဝေးကိုလည်း ကီလိုမီတာနဲ့ချီပြီး လိုက်လံ trace လုပ်ပေးနေမှာလည်းဖြစ်ပါတယ်။

Ray-Traced Ambient Occlusion ကတော့ ပတ်ဝန်းကျင်အလင်းရောင်နဲ့အတူ ဂိမ်းတွင်းအရာဝတ္ထုများရဲ့ အလင်းအမှောင်ကို ထိန်းညှိပေးမယ့် effect ပါ။ ဒီ effect ဟာ ဂိမ်းပုံရိပ်တစ်ခုချင်းစီအတွင်း မမှောင်သင့်တဲ့နေရာမှာမှောင်နေတာမျိုးတွေ၊ မီးအလင်းရှိနေပေမယ့် အရိပ်ပျောက်နေတာမျိုးတွေ မဖြစ်အောင်ပြုလုပ်ပေးမှာပါ။

Ray-Traced Shadow ကတော့ ဂိမ်းတွင်းက pixel အပြည့်အဝနဲ့ ပြုလုပ်ထားတဲ့အရိပ်တွေပါ။ ဂိမ်းတွင်းပတ်ဝန်းကျင်ရဲ့ အလင်းအားအပေါ်မူတည်ပြီး ဒီအရိပ်များဟာ ပြောင်းလဲနေမှာဖြစ်သလို တိမ်၊ မီးခိုး စ တဲ့အရာများကထွက်တဲ့ အရိပ်တွေကိုလည်း ကောင်းစွာမြင်တွေ့ကြရမှာဖြစ်ပါတယ်။
Cyberpunk 2077 စတင်ထွက်ပေါ်ချိန်မှာ AMD အတွက် ray tracing ပါဝင်လာဦးမှာ မဟုတ်ပဲ NVIDIA GeForce အတွက်သာ ပါဝင်မှာပါ။ ဒါကြောင့် Cyberpunk 2077 အတွင်း အထူးပြုလုပ်ထားတဲ့ ဂိမ်း graphic များကို အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ RTX ON ဖို့ မဖြစ်မနေလိုအပ်မှာပဲဖြစ်ပါတယ်။

အဲတာတွေအပြင် တခြား NVIDIA Feature တွေဖြစ်တဲ့ DLSS လည်း ပါလာမှာဖြစ်ပါတယ်။ သူ့ကို အတိုချုပ်ပြောရမယ်ဆိုရင်တော့ NVIDIA ရဲ့ နည်းပညာတွေနဲ့ Resolution နဲ့ Frame rate တွေကို ဆွဲတင်ပေးမယ့် နည်းပညာတွေလို့ ပြောလို့ရပါတယ်။