
အခုဆိုရင် ၂၀၂၁ ခုနှစ်ထဲကို ဝင်ရောက်လာတာ ရက်သတ္တပါတ်အနည်းငယ်ကြာမြင့်သွားပြီဖြစ်လို့ ဒီနှစ်အတွင်း ထွက်မယ်လို့ ကြေညာထားတဲ့ နာမည်ကြီးမိုဘိုင်းလ်ဂိမ်းတွေကို စောင့်မျှော်နေသူတွေလည်း အရင်ထက် ပိုများလာနေပါပြီ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မိုဘိုင်းလ်ဂိမ်းလောကတစ်ခုလုံး အရှိန်အဟုန်နဲ့ တိုးတက်လာနေတာကြောင့် စျေးကွက်ဝေစုရဖို့ အသည်းအသန်ကြိုးပမ်းတဲ့ ဂိမ်းကုမ္ပဏီကြီးတွေရှိလာပြီး Riot Games ရဲ့ League of Legends: Wild Rift နဲ့ miHoYo ရဲ့ Genshin Impact တို့လို ဂိမ်းမျိုးတွေ မိုဘိုင်းလ်ပလက်ဖောင်းပေါ်ရောက်လာတာကိုလည်း ပရိသတ်တွေ သတိထားမိကြမှာပါ။
ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိထားပြီး အောင်မြင်ဖို့ အလားအလာ အတော်များနေတဲ့ ဒီနှစ်အတွင်း ထွက်ဖို့ရှိတဲ့ မိုဘိုင်းလ်ဂိမ်းတွေကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
Magic: The Gathering Arena Mobile

Wizards of the Coast ရဲ့ နာမည်ကြီးကတ်ဂိမ်းဖြစ်တဲ့ Magic: The Gathering Arena ဟာ ဒီလအတွင်းမှာပဲ မိုဘိုင်းလ်ပေါ်ကို early access အနေနဲ့ ရောက်ရှိလာတော့မှာပါ။ Wizards of the Coast ဟာ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ android ဖုန်းတွေအတွက် အရင်ဆုံးထုတ်ပေးမယ်လို့ ကြေညာထားပြီး iOS သမားတွေကတော့ ဆက်လက်စောင့်ဆိုင်းကြရဦးမှာဖြစ်ပါတယ်။
Apex Legends Mobile

FPS သမားတွေ အကြိုက် EA ရဲ့ Apex Legends ဟာလည်း ဒီနှစ်အတွင်းမှာပဲ မိုဘိုင်းလ်ပေါ်ကို ရောက်လာဖို့မရှိပါတယ်။ ထွက်ရှိမယ့်နေ့အတိအကျကို ကြေညာထားတာမျိုး မရှိသေးပေမယ့် ဒီနှစ် ဧပြီလမှာ သတင်းထူးလာနိုင်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
Pokémon Unite MOBA

ဂိမ်းလောကထဲကို ထိုးဖောက်ဝင်ရောက်ဖို့ရည်ရွယ်ထားတဲ့ Pokémon Unite ဟာ League of Legends ရဲ့ Dominion game mode နဲ့ ပုံစံတူပါတယ်။ စတင်ကြေညာစဥ်မှာ ပိုကီမွန်ချစ်သူတွေကတော့ သိပ်သဘောမကျခဲ့ကြပေမယ့် ပထမဆုံးသော ပိုကီမွန် MOBA ဂိမ်းဖြစ်တာမို့ စမ်းသပ်ကစားချင်သူတွေလည်း အများကြီးရှိပါတယ်။ Pokémon Unite ထွက်မယ့်နေ့အတိအကျကိုလည်း မသိရသေးပေမယ့် ဒီနှစ်အတွင်းမှာပဲ မြင်တွေ့လာရနိုင်ပါတယ်။
Diablo Immortal

၁၉၉၆ ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Diablo ဂိမ်းစီးရီးဟာ Blizzard Entertainment ရဲ့ အအောင်မြင်ဆုံး ဂိမ်းစီးရီးတွေထဲက တစ်ခုပါ။ ဒီနှစ်ထဲမှာတော့ Blizzard ဟာ Diablo Immortal ကို မိုဘိုင်းလ်ပေါ်မှာ ထုတ်လုပ်ဖို့ စီစဥ်ထားပြီး android နဲ့ iOS ပလက်ဖောင်း ၂ ခုလုံးမှာ အခမဲ့ကစားခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒီ MMORPG ဂိမ်းဟာလည်း ထွက်မယ့်နေ့ အတိအကျ မရှိသေးပေမယ့် Play Store ပေါ်မှာ pre-register သွားလုပ်လို့တော့ ရနေပါပြီ။
The Witcher: Monster Slayer

Pokémon GO နဲ့ Harry Potter: Wizards Unite တို့လို Augmented Reality (AR) ဂိမ်းတစ်ခုဖြစ်တဲ့ The Witcher: Monster Slayer မှာ ကစားသူဟာ ဓားသမားသူရဲကောင်းတစ်ဦးအနေနဲ့ ဂိမ်းတွင်းနေရာအနှံ့က monster တွေကို လိုက်လံရှင်းလင်းနိုင်မှာပါ။ Cyberlunk 2077 ကို ထုတ်လုပ်ခဲ့တဲ့ CD Projekt ကနေ ထွက်လာမှာမို့ ဒီဂိမ်းဟာလည်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရှားရှားပါးပါး AR ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
NieR Re[in]carnation

Text-based story heavy ဂိမ်းအမျိုးအစားကို နှစ်သက်သူတွေ သဘောကျမယ့်ဂိမ်းကတော့ NieR Re[in]carnation ပါ။ RPG ဂိမ်းတစ်ခုဖြစ်သလို gacha element တွေလည်း ပါဝင်မယ့် ဒီဂိမ်းအတွင်းမှာ ဆံပင်အဖြူရောင်ကောင်မလေးတစ်ယောက်နဲ့ Mama အကောင်လေးတို့ရဲ့ စွန့်စားခန်းတွေကို ဝင်ရောက်ကစားနိုင်ကြမှာပါ။ Square Enix ဟာ ဒီဂိမ်းကို ဂျပန်နိုင်ငံမှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြန့်ချိမယ်လို့ ကြေညာထားပါတယ်။
Metal Slug Code: J

ခေတ်ဟောင်းပရိသတ်တွေအတွက် ထူးထူးခြားခြား မိတ်ဆက်ပေးစရာ မလိုတဲ့ Metal Slug ဟာ မြန်မာပရိသတ်တွေကြားမှာတော့ ရမ်ဘိုဂျပု လို့ လူသိများပါတယ်။ ဒီ run and gun ဂိမ်းစီးရီး စတင်ထွက်ရှိခဲ့တာ ၁၉၉၆ ခုနှစ်တည်းက ဖြစ်ပြီး ဒီနှစ်အတွင်းမှာတော့ Metal Slug Code: J ကို မိုဘိုင်းလ်ပေါ်မှာ မြင်တွေ့ရဖို့ရှိပါတယ်။ ဒါပေမယ့် SNK Cooperation နဲ့ Tencent ဟာ ဒီဂိမ်းထွက်ရှိမယ့် ရက်အတိအကျကို သတ်မှတ်ကြေညာထားတာမျိုး မရှိသေးပါဘူး။
Source : https://www.oneesports.gg/