
လေကြောင်းနဲ့ ပတ်သက်တာတွေကို ဝါသနာပါတယ်… လေယာဉ်တွေ တွေ့နေရင် ပျော်တယ်.. လေယာဉ်တွေပါတဲ့ ရုပ်ရှင်တွေ ကြည့်ချင်တယ်…. ဒါမှမဟုတ် လေယာဥ်ခရီးစဥ်တစ်ခုကို မစီးခင်မှာ ပုံမှန်ထက်ပိုပြီး ခံစားချင်တယ်ဆိုရင် ဒီဇာတ်ကားလေးတွေကို ကြိုကြည့်သွားသင့်ပါတယ်။
ဒါပေမယ့် အသည်းငယ်တတ်သူဆိုရင်တော့ ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေ ကြို မကြည့်သွားဖို့ အကြံပေးလိုက်ပါရစေ။

Air Force One
(၁၉၉၇) မင်းသားကြီး Harrison Ford ပါဝင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ အမေရိကန်သမ္မတတစ်ဦး လိုက်ပါလာတဲ့ လေယာဥ်ကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အမေရိကန်အစိုးရကို ခြိမ်းခြောက်အကြပ်ကိုင်တဲ့ ပုံစံ ပုံဖော်ရိုက်ကူးထားတာပါ။ ဖိုက်တင်ခန်းတွေ ပါဝင်တဲ့ ဒီဇာတ်ကားဟာ high-energy thriller ကြိုက်သူတွေအတွက် အဆင်ပြေနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Airplane
(၁၉၈၀) လေယာဥ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေ အစာအဆိပ်သင့်တဲ့အတွက် လေယာဥ်မှူးဟာ မြေပြင်ပေါ်ကို အရေးပေါ် သက်ဆင်းဖို့ ကြိုးပမ်းခဲ့ရပြီး ခရီးစဥ်တစ်လျှောက် ကြုံတွေ့ရတဲ့ အလွဲတွေကို ဟာသဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ visual gags တွေနဲ့ ဟာသစကားပြောတွေ အများကြီး ပါဝင်ပါတယ်။

The Aviator
(၂၀၀၄) ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်သူ Howard Hughes ရဲ့ တကယ့်ဖြစ်ရပ်မှန်ကို မင်းသားကြီး Leonardo DiCaprio က သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။ Howard Hughes ဟာ အောင်မြင်တဲ့ ရုပ်ရှင်ပရိုဂျူဆာတစ်ယောက်ဖြစ်သလို လေယာဥ်မောင်းရတာကိုလည်း အလွန်နှစ်သက်သူတစ်ဦးဖြစ်ပေမယ့် OCD စိတ်ရောဂါကို ခံစားရနေရသလို လေယာဥ်မောင်းရင်း ဒုက္ခတွေလည်း ကြုံတွေခဲ့ရပုံကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

Bridesmaids (၂၀၁၁)
Bridesmaids ဟာ လေယာဥ်ပေါ်မှာချည်း ရိုက်ကူးထားတဲ့ ဇာတ်ကား မဟုတ်ပေမယ့် မင်္ဂလာ မဆောင်ခင်လုပ်တဲ့ bachelorette ပါတီအတွက် Las Vegas ကို လေယာဥ်စီးသွားကြတဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။ ၁၂ မိနစ်ကျော် ကြာမြင့်တဲ့ ဒီဇာတ်ဝင်ခန်းမှာတော့ သတို့သမီးလောင်းနဲ့ သတိုသမီးအရံတွေ လေယာဥ်စီးရင်း ဟာသအလွဲလေးတွေပြုလုပ်ကြတာကို ကြည့်ရှုနိုင်မှာပါ။

Catch Me If You Can (၂၀၀၂)
ဒါကတော့ လူတိုင်းနီးပါးသိလောက်တဲ့ နာမည်ကျော် ဇာတ်ကားလေးပါ။ အလိမ်အညာ အတုအယောင်တွေကို အရွယ်နဲ့ မလိုက်အောင် ကျွမ်းကျင်စွာ ပြုလုပ်နိုင်တဲ့ ဆယ်ကျော်သက် Leonardo DiCaprio နဲ့ သူ့ကို လိုက်လံဖမ်းဆီးနေတဲ့ FBI အေးဂျင့်ကြီး Tom Hanks တို့ကို ဒီဇာတ်ကားအတွင်း တွေ့မြင်ရမှာဖြစ်ပြီး လေယာဥ်မှူးအဖြစ် Leonardo က ဝင်ရောက် ဟန်ဆောင်တဲ့ ဇာတ်ဝင်ခန်းအလန်းတွေကိုလည်း စိတ်လှုပ်ရှားစွာ ကြည့်ရှုနိုင်မှာပါ။ ဒီဇာတ်ကားအတွင်းမှာ eye candy လေးတွေလည်း အများကြီး ပါဝင်ပါသေးတယ်။

Flight (၂၀၁၂)
အရက်စွဲနေတဲ့ လေယာဥ်မှူးတစ်ဦးဟာ ပျံသန်းနေရင်း ချွတ်ယွင်းသွားတဲ့ လေယာဥ်ကို မြေပြင်ပေါ် ခက်ခက်ခဲခဲ ကြိုးပမ်းဆင်းသက်ကာ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ အရက်စွဲမှုကြောင့် လူအများက သင်္ကာ မကင်းဖြစ်ကြပုံကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ Denzel Washington ရဲ့ အကောင်းဆုံးဇာတ်ကားများထဲက တစ်ခုဖြစ်သလို အရက်စွဲသူတစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုများကို ပေါ်လွင်အောင် ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Red Eye (၂၀၀၅)
လေဆိပ် bar မှာ အတူစကားပြောဖူးပြီး မီယာမီကို သွားဖို့ လေယာဥ်ပေါ်ရောက်တော့လည်း တိုက်ဆိုင်စွာပဲ ကိုယ့်ဘေးခုံမှာ လိုက်ပါစီးနင်းလာတဲ့ လူတစ်ယောက်ဟာ အကြမ်းဖက်သမားတစ်ဦးဖြစ်နေမှန်း သိလိုက်ရချိန်မှာတော့….။ လေယာဥ်ကလည်း ပျံသန်းနေဆဲမို့ ဘယ်ကိုမှ ထွက်ပြေးလို့ မရချိန် ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

Snakes On Plane (၂၀၀၆)
နာမည်နဲ့တင် ဘယ်လိုဇာတ်ကားမျိုးဖြစ်မလဲဆိုတာ သိသာနေပါပြီ။ ဒီဇာတ်ကားထဲမှာ လူဆိုးတစ်စုဟာ ပျံသန်းနေတဲ့ လေယာဥ်ပေါ်မှာ ရာနဲ့ချီတဲ့ မြွေဆိုးတွေကို လွှတ်လိုက်ပြီး ယင်းတို့ရဲ့ တိုက်ခိုက်မှုကို ခရီးသည်တွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Sully (၂၀၁၆)
ပျံသန်းနေရင်း အင်ဂျင်တွေရပ်သွားတဲ့ US Airways Flight 1549 ခရီးသည်တင်လေယာဥ်ကြီးဟာ ဘယ်လေဆိပ်ကိုမှ ဆင်းသက်ဖို့လည်း မဖြစ်နိုင်တော့တဲ့အတွက် Hudson မြစ်ထဲကိုပဲ ဆင်းသက်ဖို့ လေယာဥ်မှူး Chesley “Sully” Sullenberger က ဆုံးဖြတ်ခဲ့ရတဲ့ ၂၀၀၉ ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ တကယ့်အဖြစ်အပျက်ဟာ မိနစ်အနည်းငယ်သာ ကြာခဲ့ပေမယ့် Tom Hanks ပါဝင်ရိုက်ကူးထားတဲ့ ဒီကားကတော့ တစ်နာရီခွဲကျော် ကြာမြင့်ပါတယ်။

Top Gun (၁၉၈၆)
ဒီဇာတ်ကားထဲမှာ Navy pilot တွေဖြစ်ကြတဲ့ Goose နဲ့ Maverick တို့ဟာ Top Gun Acedamy ကြီးမှာ လေကြောင်းတိုက်ခိုက်ရေးအတွက် အကောင်းဆုံးလေ့ကျင့်ကြတာကို မြင်တွေ့ရမှာဖြစ်သလို တိုက်လေယာဥ်ပျံသန်းတဲ့ အလန်းစားဇာတ်ဝင်ခန်းတွေနဲ့ ရိုမန်တစ်ဆန်ဆန်ဇာတ်ဝင်ခန်းတွေလည်း မြင်တွေ့နိုင်မှာပါ။ Tom Cruise ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ ၁၉၈၀ ကျော်အချိန်ကာလကို ထင်ဟပ်စေမှာဖြစ်ပြီး ဘော်လီဘော ကစားကြတဲ့ ဇာတ်ဝင်ခန်းကတော့ ထိုစဥ်က ရုပ်ရှင်ကြည့်သူ ပျိုမေလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

United 93 (၂၀၀၆)
၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ United Airlines Flight 93 ကို အကြမ်းဖက်သမားတွေက ထိန်းချုပ်ခဲ့ပြီး လေယာဥ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေက ပြန်လည်တွန်းလှန်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Paul Greengrass ဟာ ၇၉ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဆန်ခါတင်စာရင်းဝင်ခဲ့တယ်။
Source : https://www.cntraveler.com/